တပို့တွဲလရဲ့ ရာသီပွဲတော် ထမနဲပွဲအကြောင်း
တပို့တွဲလဟာ မြန်မာပြက္ခဒိန်မှာ ဧကာဒသမမြောက်လဖြစ်ပြီး အင်္ဂလိပ်ပြက္ခဒိန်ရဲ့ဇန်နဝါရီ၊ ဖေဖော်ဝါရီလအတွင်း ကျရောက်ပါတယ်။ ‘တပိုဝ်’ က ‘ထန်းဖူး’ ကိုဆိုလိုပြီး ‘တွဲ’ က ‘အသီးခိုင် တွဲလောင်းကျတာ’ ကိုရည်ညွှန်းတာကြောင့် တပို့တွဲလဟာ ထန်းဖူးတွေကို အောက်ရောက်အောင်ဆွဲချပြီး ထန်းရည်ခံတဲ့ကာလဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဆောင်းရာသီဖြစ်လို့ ညဉ့်အချိန်အခါမှာ အအေးပိုတတ်ပြီး “နှာရည်ရိုရွဲ တပို့တွဲ” လို့ ဆိုရိုးရှိပါတယ်။ တပို့တွဲလကို မြန်မာမှုအရ ကုံရာသီလို့ ခေါပြီး စန်းပြည့်နက္ခတ်က မာဃနက္ခတ်ဖြစ်ပါတယ်။ ယှဉ်တဲ့တာရာက ချိန်တာရာဖြစ်ပြီး ရာသီရုပ်ကတော့ ရေထမ်းသမားရုပ်ပါ။ တပို့တွဲလရဲ့ရာသီပန်းက ပေါက်ပန်း၊ လဲပန်းဖြစ်ပြီး တပို့တွဲလရာသီပွဲတော်ကတော့ လူသိများထင်ရှားတဲ့ ထမနဲပွဲ ဖြစ်ပါတယ်။
ရှေးခေတ်ကကျင်းပကြတဲ့ မီးပုံပွဲတွေမှာ ယာဂုအိုး (၁၀၀၀) လှူဒါန်းကြလေ့ရှိတာကြောင့် မီးပုံပွဲနဲ့ ယာဂုက ဆက်စပ်နေပါတယ်။။ မီးပုံပွဲကျင်းပရင်းနဲ့ ယာဂုပွဲဖြစ်ပေါ်လာသလား။ ယာဂုပွဲကျင်းပရင်းနဲ့ပဲ မီးပုံပွဲဖြစ်ပေါ်လာသလားကို မဝေခွဲနိုင်သေးပါဘူး။ ဒီအလှူနှစ်မျိုးက တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး တစ်ပြိုင်တည်းဖြစ်ပေါ်လာခဲ့တယ်လို့ပဲ ယူဆနိုင်ပါတယ်။
ယာဂုပူဇော်ပွဲအစဉ်အလာကို ဝိနည်းပိဋကတ် မဟာဝဂ်ပါဠိတော်မှာ “တစ်ခါရံသော် မြတ်စွာဘုရားသည် များစွာသောသံဃာတော်တို့နှင့်အတူ အန္ဓဝိန္ဒရွာသို့ ဒေသစာရီကြွချီတော်မူရာ ဇနပုဒ်၌ နေသောသူတို့သည် ဆန်၊ ဆီ၊ ဆား၊ ဆေးစသောလှူဖွယ်ဝတ္ထုတို့ကို လှည်းဖြင့်တင်၍ မြတ်စွာဘုရားကြွချီရာသို့လိုက်ပြီးလျှင် ဆွမ်းဘောဇဉ်အာဟာရတို့ကို ကပ်လှူပူဇော်ကြလေသည်။ ထိုအခါပုဏ္ဏားတစ်ယောက်သည် အလားတူဆွမ်းလုပ်ကျွေးလိုပါသော်လည်း မိမိအလှည့်မကျနိုင်သောကြောင့် အရှင်အာနန္ဒာကိုချဉ်းကပ်၍ ယာဂုနှင့်တကွ ပျားသကာမုန့်တို့ကို မြတ်စွာဘုရားနှင့်တကွ သံဃာတော်တို့အားဆက်ကပ်ခွင့်ရပါရန် လျှောက်ထားတောင်းပန်လေ၏။ အရှင်အာနန္ဒာသည် ဤအကြောင်းကို မြတ်စွာဘုရားအားလျှောက်ထားရာ မြတ်စွာဘုရားလည်း ပုဏ္ဏားအလိုရှိသည့်အတိုင်း ကပ်လှူပူဇော်စေရန် သည်းခံတော်မူလေသည်” လို ပြဆိုထားတာမို့ အဲဒီအချိန်ကစပြီး ယာဂုအလှူပွဲအစဉ်အလာပေါ်ပေါက်လာခဲ့တာဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။
ယာဂုဆိုတာ ခေတ်စကားနဲ့ပြောရင်တော့ ဆန်ပြုတ်ပါ။ လုံးတောဆရာတော်ရဲ့အာဘော်အရ မြတ်စွာဘုရားသခင်ဟာ လေနာနှိပ်စက်ခြင်းခံရလို့ အရှင်အာနန္ဒာကို ယာဂုဆွမ်းခံချေလို့ မိန့်တော်မူတဲ့အခါ မာတုဂါမတစ်ဦးဆီအလှူခံရာမှာ ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန်၊ နှမ်း တို့နဲ့စီရင်ထားတဲ့ ယာဂုဆွမ်းကိုကပ်လှူခဲ့တာကြောင့် လေနာငြိမ်းရတယ်လို့ ဆိုထားတဲ့အတွက် ယာဂုဟာ ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန်၊ နှမ်း တို့ပါတဲ့ ဆန်ပြုတ်တစ်မျိုးလို့ ယူဆနိုင်ပါတယ်။
မင်းတုန်းမင်းလက်ထက်ကယာဂုအလှူပွဲအကြောင်းကို ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီးမှာ ဖတ်ရှုနိုင်ပါတယ်။ အလှူပွဲအကြောင်းထဲမှာ “ရွှေမြို့တော်လေးပြင်လေးရပ် တရုတ်၊ ကုလားမျိုးခြားမှစ၍ တိုင်းသူပြည်သားအားလုံးတို့သည် လူတစ်ကိုယ်ဆန်တစ်စလယ်ကျစုဆောင်း၍ ယာကုကျိုရာ ယင်းယာဂု၌ ကောက်ညှင်း၊ ဆန်၊ ဆီ၊ ဆား၊ နှမ်း၊ ချင်းစိမ်း၊ မြေပဲ၊ အုန်းသီး၊ သစ်ကြားသီးစသည်တို့ကို ထည့်၍ကျိုသည်” လို့ ဆိုထားပါတယ်။ အဲဒီယာဂုကျိုခြင်းကိုပဲ ယခုခေတ်မှာ ထမနဲထိုးတယ်လို့ သုံးကြတာပါ။ ကုန်းဘောင်ခေတ်နှောင်း သီပေါမင်းလက်ထက်မှာ တပို့တွဲလမှာကျင်းပတဲ့ မီးပုံပွဲ (မီးဖုန်းပွဲ) နဲ့အတူ ယာဂုပွဲကိုပါကျင်းပကြောင်းကိုလည်း ကုန်းဘောင်ခေတ်မဟာရာဇဝင်တော်ကြီးမှာ ရေးသားမှတ်တမ်းတင်ထားပါတယ်။
ထမနဲ (သို့) ထမင်းနှဲ ဆိုတဲ့စကားက (ကောက်ညှင်း) ထမင်းကိုနှဲခြင်း ဆိုတဲ့အသုံးအနှုန်းကနေဖြစ်လာပြီး ရှေးအရေးအသားတချို့မှာတော့ ထမင်းနှဲ လို့ရေးကြကာ တချို့ကလည်း နှမ်းကိုကဲပြီးထည့်တာကြောင့် နှမ်းမနဲ လို့သုံးကြပါတယ်။ နှင်းတွေဝေနေတဲ့ကာလမှာ ထမနဲပွဲကျင်းပရတာက ပျော်စရာကောင်းလှပါတယ်။ ကောက်ညှင်းဆန်စေးစေးကို ဒယ်ကြီးတွေနဲ့ထည့်လို့ ဆီနိုင်နိုင်၊ နှမ်းနိုင်နိုင်၊ အုန်းဆံနိုင်နိုင်ထည့်ပြီး ထမနဲထိုးကြပုံက စုပေါင်းညီညာတဲ့သရုပ်ကိုဆောင်နေပါတယ်။ ထမနဲကို နှင်းငွေ့ဝေချိန်မှာ ဘုရားလှူ၊ ဘုန်းတော်ကြီးကျောင်းကိုလည်း ရောက်အောင်ပို့တဲ့အပြင် တစ်အိမ်တက်ဆင်း ဝေငှကျွေးမွေးတတ်တဲ့ဓလေ့က ချစ်စရာပါ။ ထမနဲဟာ အဘိုးအို၊ အဘွားအိုတွေတောင် တမြုံ့မြုံ့စားနိုင်တဲ့ စားစရာလည်းဖြစ်ပါတယ်။
မီးဖုန်းအလှူပွဲနဲ့ ယာဂုအလှုပွဲတွေဟာ အလှူရေစက်လက်နဲ့မကွာတဲ့ မြန်မာတို့ရဲ့ စေတနာစိတ်ကို ဖော်ပြနေတဲ့ သင်္ကေတတွေဖြစ်ကြပါတယ်။ အစဉ်အလာယဉ်ကျေးမှုတွေမပပျောက်စေဖို့နဲ့ ကောင်းမှုကုသိုလ်ရရှိစေဖို့ရည်ရွယ်ပြီး မီးဖုန်းပွဲ၊ ယာဂုထမနဲအလှူပွဲတွေကို တပို့တွဲလရောက်တိုင်း နိုင်ငံတစ်ဝှမ်းမှာ နှစ်စဉ်ကျင်းပကြပါတယ်။
Ref: မောင်ထင်၏ မြန်မာဆယ့်နှစ်လအကြောင်းစာအုပ်၊ ဆရာသတိုးသောင်း၊ မောင်သုံည၊ မြန်မာ့ရာသီပွဲတော်များ (သာရဝေါ- စိုးကြည်)
Team (ရိုးရာလေး)